ကျောင်းကုန်း ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ပြည်သူများ အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ဆင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန် အမှတ်(၂)ရပ်ကွက် ဆေးရုံလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံ၊ ရတနာပုံ လမ်းတို့တွင် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြသည်။
ကျောင်းကုန်းမြို့တွင် ကိုဗစ်အတည်ပြု လူနာသစ်(၁)ဦး ထပ်မံတွေ့ရှိရသဖြင့် ပြည်သူများ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ယခုလို နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ရကြောင်း၊ အတည်ပြုလူနာ(၇၆)ဦး ရှိကြောင်း၊ မြို့နယ်တွင်း(၅၄)ဦး မြို့နယ်ပြင်ပ (၂၂)ဦးတွင် ဆေးရုံဆင်းလူနာ(၇၄)ဦး၊ ကုသဆဲလူနာ (၁)ဦးနှင့် သေဆုံးသူ(၁)ဦးဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ နှာခေါင်းစည်း ဖြန့်ဝေပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းရွှေ၊ အဖွဲ့ဝင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးတင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအဖွဲ့မှ ပြည်သူများ အပြင်ထွက်လျှင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြစေရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)