မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေး

မယ်စဲ့  ဇန်နဝါရီ ၂၅                                                  

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်အရ အသက်(၁၈)နှစ်အထက် ဦးစားပေးအုပ်စုအလိုက် လူဦးရေစာရင်း ကောက်ယူနိုင်ရေး ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်​နေ့က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်မီ မွေးဖွားသူစာရင်းများအား သတ်မှတ် ပုံစံဇယားများနှင့်အညီ သက်ဆိုင်ရာ စာရင်းကောက်ယူရေး အဖွဲ့များမှ ကောက်ယူသွားရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက်(၁၈)နှစ် အထက် ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများ ထိုးနှံသွားမည်ဖြစ်ရာ မြို့နယ်အတွင်း စာရင်းကျန်ရစ်မှု၊ စာရင်းထပ်မှု မရှိစေရန် နှင့် မှန်ကန်သော လူဦးရေစာရင်း ရရှိစေရန် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာများက ကာကွယ်ဆေးထိုး လုပ်ငန်းတွင် အသုံးပြုမည့် လူဦးရေစာရင်း ကောက်ယူသည့် ပုံစံနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)