လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေးဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ

လေးမျက်နှာ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အမှတ် (၅)ရပ်ကွက် ဆိတ်နို့ကုန်းတာ၊ တာမိုင်(၂၅/၅)တွင် ယနေ့နံနက်ပိုင်းက ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ သင်တန်းအပ်ချင်း၊  ကယ်ဆယ်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ မဖြစ်ပွားမှီ၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားပြီးကိစ္စရပ်များအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်ဝေဦးက အသက်ကယ် အင်္ကျီဝတ်ဆင်ခြင်း အဆင့်ဆင့်အားရှင်းလင်းပြသခဲ့ပြီး ဒုတိယဦးစီးမှူး ဦးရန်နိုင်စိုးဦးဆောင်သော ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ရေနစ်နေသောလူနာအားရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ လူနာအား ကြက်ခြေနီ၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ရှေးဦးသူနာ ပြုစုခြင်းများ သရုပ်ဖော်ပြသခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းချိုက ရေဘေးအန္တရာယ်တုံ့ပြန်ရေးဇာတ်တိုက်လေ့ကျင့်ပြုလုပ်ခြင်းနှင့်ပတ်သတ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းချို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မိခင်နှင့်စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများ၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

မိုးသက်ကို(ပြန်/ဆက်)