တစ်နိုင်တစ်ပိုင် စပျစ်စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ

နတ်မောက်     ဇန်နဝါရီ  ၂၅

စားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့် လုပ်ငန်းကို နေရာဒေသမရွေး တစ်နိုင် တစ်ပိုင်စိုက်ပျိုးလာကြကြောင်း သိရသည် ။ နတ်မောက်မြို့တွင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အချို့၌ တစ်နိုင်တစ်ပိုင်စပျစ်များ စိုက်ပျိုးလာကြပြီး ရရှိသည့်စပျစ်သီးများကို မြို့မဈေးသို့ တင်ပို့ရောင်းချကြ ကြောင်းသိရသည်။

“ကျွန်တော် စပျစ်စတင်စိုက်ပျိုးတာ ခုနှစ်ဆိုရင် ၃ နှစ်ရှိပါပြီ၊ တစ်နှစ်ပြီးတစ်နှစ် အထွက်နှုန်း ကောင်းပါ တယ် ၊ ပျိုးပင်ကိုတော့ ရမည်းသင်းမြို့နယ်ကို သွားရောက်ဝယ်ယူရပါတယ်၊  ပျိုးပင်ဈေးနှုန်းက  တစ်ပင်ကို (၃၅၀)ကျပ်ပေးဝယ်ရပြီးတော့ စပျစ်ပင် (၅၀၀)ကျော် စိုက်ပျိုးထားပါတယ်၊ စပျစ်သီးမှည့်ချိန်က တော့ သတ်မှတ်ချက်မရှိပါဘူး၊ မိမိလိုချင်တဲ့လကိုတွက်ပြီး လေးလကြိုပြီး ကိုင်းဖြတ်ပေးရပါတယ်၊ ကျွန်တော့ခြံ ဆိုရင် လေးလပေါ့ဗျာ၊ အခုစပျစ်သီးတွေ စတင်မှည့်လာပါပြီ၊ လေးလခွဲဆိုရင် တစ်ခြံလုံးမှည့်လို့  ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ပါပြီဟု” စပျစ်စိုက်ပျိုးသူ ဦးသောင်းရှိန်မှပြောသည်။   စပျစ်အမျိုးအစား အမျိုးမျိုးရှိပြီး ဘလပ်ကွင်း၊ သီးချွန်၊ ရွှေနီ၊ သခွားမွှေး၊ ဘောဘလပ်၊ အာဂျီ (ပန်းရောင်) တို့အနက် စားသုံးသူဈေးကွက်ဝင် အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးရပြီး စပျစ်ပင်(၅၀၀) စိုက်ပျိုးပါက ပျိုးပင်ဘိုး၊ ရေတင်ရန် (စက်သုံးဆီ) လုပ်အားခ၊ ဆေးဖိုးစသည်ဖြင့် (၁၈)သိန်းခန့်ကုန်ကျမှုရှိကြောင်း သိရသည်။

မူမူစန်း(နတ်မောက်ပြန်/ဆက်)