ရွှေဘို ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်အတွက် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ (၁၇) ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ လောကမာရဇိန်ဘုရားဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် တာဝန်ရှိသူများက စိုက်ပျိုးရန်သစ်ပင်များကို ဖြန့်ဝေပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လောကမာရဇိန်ဘုရားဂေါပကအဖွဲ့နှင့် ဒေသခံပြည်သူများမှ ပျိုးသက် ၂ နှစ်သား၊ အမြင့် ၃ပေနှင့်အထက် ခရေ၊ ပိတောက်၊ဆီသပြေ၊ လင်လွန်း၊ ဗန်ဒါ၊ စိန်ပန်း၊ မယ်ဇလီ၊ သပြေဘူတ၊ ယင်းမာ စသည့် ပျိုးပင်စုစုပေါင်း (၂၆၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ပြီးနောက် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)