လိပ်သို ဇူလိုင် ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် အာရေးဗီးကားနှင့် Robusta ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ထွက်ရှိလာသောကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချခြင်းဖြင့် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ကော်ဖီကြိတ်ရန် ကော်ဖီသီးများကိုပြုတ်၍ အခြောက်လှန်းကာ အစေ့ချွတ်ထုတ်ရကြောင်း၊ အခြောက်ခံထားပြီးသော ကော်ဖီစေ့များကို ပြန်၍လှော်ပြီးမှ ကြိတ်ရကြောင်း၊ အမှုန့်ကြိတ်၍ရရှိလာသော ကော်ဖီမှုန့်စစ်စစ်များကို ထုပ်ပိုးပြီး တံဆိပ်ကပ်ရောင်းချကြကြောင်း၊ ကော်ဖီမှုန့် များကို တစ်ဆယ်သားတစ်ထုပ်လျှင် (၁၀၀၀၀) ကျပ်နှင့် တစ်ပိဿာလျှင် (၄၀၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြကြောင်း၊ ထို့အပြင် ကော်ဖီမှုန့်များကို အသင့်ဖျော်အထုပ်များ ပြုလုပ်၍လည်း ရောင်းချကြကြောင်း ကော်ဖီကုန်ချောထုတ်လုပ်သူ တစ်ဦးထံမှ သိရသည်။
ကော်ဖီမှုန့်များကို လိပ်သိုမြို့ပေါ်တွင်သာမက အခြားမြို့ကြီးများသို့ ပို့ဆောင်ရောင်းချကြပြီး ကော်ဖီမှုန့်များကို သောက်သုံးရန်အတွက်သော်လည်းကောင်း၊ လက်ဆောင်ပေးရန်အတွက်သော်လည်းကောင်း၊ ကော်ဖီဆပ်ပြာကဲ့သို့သော ဒေသထွက်ကုန်များတွင် အသုံးပြုရန်အတွက်သော်လည်းကောင်း ဝယ်ယူသုံးစွဲကြကြောင်း သိရသည်။
နော်ဖလောရင်း