သံတောင်ကြီး ဇူလိုင် ၂၀
ကရင်ပြည်နယ် သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံ လုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မင်းဂွတ်သီးများသည် ယခုဇူလိုင်လဒုတိယပတ်မှစ၍ အသီးများရင့်မှည့်၍ ဆွတ်ခူးရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။
မင်းဂွတ်ပင်များသည် စိုက်ပျိုးပြီး ပန်းပွင့်၍ အသီးသီးရန်အတွက် ၈ နှစ်မှ ၁၃ နှစ် ကြာမြင့်သည့် သက် တမ်းရှည်သောအပင်မျိုးဖြစ်သည်။ ဒေသခံပြည်သူများသည် တစ်ပိုင်တစ်နိုင်ဖြင့် မင်းဂွတ်ပင်များကို မိမိတို့နေအိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများတွင်လည်းကောင်း၊ ဥယျာဉ်ခြံမြေများတွင် လည်းကောင်း၊ အခြားနှစ်ရှည်ပင်များနှင့် ရောနှောစိုက်ပျိုးလျက်ရှိသည်။
အဆိုပါ ပေါ်ဦး ပေါ်ဖျားမင်းဂွတ်သီးများကို သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့ရှိအသီးအနှံ ရောင်းဝယ်သူများတွင် သွားရောက်ရောင်းချရာ အလုံးအရွယ်အစားပေါ်မူတည်၍ မင်းဂွတ်သီးတစ်လုံးလျှင် ကျပ် (၅၀၀)မှ (၈၀၀)အထိ ရရှိကြောင်း မင်းဂွတ်သီးရောင်း ဝယ်သူ ဒေါ်နော်ကူကူးထံက သိရသည်။
နော်နော်မူ