ကျွန်းလှမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ကျွန်းလှ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးမျိုးစေ့ထုတ်စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၇ နာရီက မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၂) တောင်သူ ဦးစောထွေး၏ ဧရာမင်းစပါးမျိုး ၅ ဧက၌ ကျင်းပသည်။

ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးရာ၌ ကြိုးတန်းခြောက်တန်းတစ်တန်းလှပ် စိုက်ပျိုးခြင်းဖြင့် အပင်ကြီးထွားမှုမြန်ဆန်ပြီး ပေါင်းမြက်ကင်းရှင်းခြင်း၊ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ရင့်မှည့်ညီညာပြီးရိတ်သိမ်းချိန် အလေအလွင့်နည်းပါးခြင်း၊ အခြားမျိုးကွဲများမပါဝင်ခြင်း၊ သီးနှံအထွက်ပိုခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးဦးစီးဌာန၊ ဝန်ထမ်းများ ဒေသခံတောင်သူများ ‌တက်ရောက်ကြကြောင်း သိရသည်။ ကျွန်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၅၆၉၆ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်အထိ ၁၉၃‌၃ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနောသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေနှင့် အောင်နိုင်တိုး စပါးမျိုးများစိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ