ဘိုကလေးမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အောက်ပိုင်း ဘောလုံးကွင်းတွင် ယမန်နေ့  ညနေ(၃)နာရီခွဲ၌ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပသည်။

ဖွင့်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်း(၈)သင်းမှ အုပ်ချုပ်မှုနည်းပြများ၊ ကစားသမားများ၊ ပရိတ်သတ်များ အင်အား(၁၀၀၀)ခန့် တက်ရောက်ကြပြီး ဖွင့်ပွဲတွင် အားကစားသမားများနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအလေးပြုခြင်း၊ အားကစားသမားများက အားကစားသစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က အမှာစကားပြောကြားခြင်း၊ ပြိုင်ပွဲဝင် ကစားသမားများက စစ်ကြောင်းပုံစံဖြင့်အလေးပြုခြင်းတို့ဆောင်ရွက်ကြသည်။ ထို့နောက် ညနေ(၄)နာရီ၌ ပြိုင်ပွဲဝင် အသင်း(၈)သင်းအနက် မြင်းကကုန်းအသင်းနှင့် ဒေါင့်ကြီးအသင်းတို့က စတင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း၊ အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲအား ဇူလိုင်(၁၈)ရက်နေ့မှစ၍ ဩဂုတ်လ(၃)ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)