ပွင့်ဖြူ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော နှမ်းဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက နှမ်း (၅၇၆၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ နှမ်းစိုက်ခင်းများကို ယခုနှစ်ဇွန်လ ပထမပတ်ကစပြီး စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံးကို ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် (၁၀ ဒသမ ၆၄)တင်း ထွက်ရှိကြောင်း သိရသည်။
"ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ နှမ်း (၅၇၆၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းတွေအားလုံး လက်ရှိမှာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ နွေနှမ်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး ပြည်တွင်းစားသုံးဆီ ဖူလုံစေဖို့နဲ့ ပြည်ပမှတင်သွင်းတဲ့ စားအုန်းဆီကို လျှော့ချနိုင်ဖို့အတွက် တောင်သူတွေကို မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြဖို့၊ အထွက်နှုန်းကောင်းမွန်ဖို့၊ GAP နည်းစနစ်တွေနဲ့အညီ စိုက်ပျိုးဖို့အတွက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းကောင်းမွန်ရေး၊ ဒေသနဲ့ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရေး၊ အရည်အသွေးပြည့်ဝသော သီးနှံများထွက်ရှိရေး၊ အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများ စသည့်စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှမ်းကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှု ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြာ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)