မကွေးမြို့၌ GAP စနစ်ဖြင့် မိုးနှမ်း၊ မိုးမြေပဲ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကျင်းပ

မကွေး ဇူလိုင် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီး ဌာနမှကြီးမှူး၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) စနစ်ဖြင့် မိုးနှမ်း၊ မိုး မြေပဲစိုက် ပျိုးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်နိုင်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍ ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော သီးနှံများထုတ်လုပ်နိုင်ရန်အတွက် GAP စနစ်သည် အလွန်အရေး ကြီးကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်းနှင့် တောင်သူများဝင်ငွေတိုးပွားရေး အတွက်နည်းပညာနှင့် သွင်းအားစုများကို စနစ်တကျ ပံ့ပိုးကူညီ ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက GAP စနစ်ဖြင့်မိုးနှမ်း စိုက်ပျိုးဆောင်ရွက်ရခြင်းနှင့် GAP မိုးမြေပဲစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ လိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားခဲ့ပြီး မကွေးတိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌက တောင်သူများ ကိုယ်စားအရောင်းအဝယ်ပြုလုပ်မှုလုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် ရိတ်သိမ်း ချိန်လွန် နည်းပညာပေးလုပ်ငန်းများအပြင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာသည့် တောင်သူကိုယ်စားလှယ်တစ်ဦးက GAP စနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများ၊ မိမိတို့ လက်တွေ့စိုက်ပျိုးရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့် သီးနှံအရည်အသွေးကောင်းမွန်သဖြင့် ဈေးကွက်ရရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)