ကမမောင်း ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ “ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲ”ကို ယမန်နေ့နံနက် (၉:၃၀) က အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကမမောင်းမြို့ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းယုဝေက ကျောင်းသား/ကျောင်းသူများအတွက် အဓိကလိုအပ်သော တစ်ကိုယ်ရည် သန့်ရှင်းရေး (လက်ဆေးခြင်း၊ သွားတိုက်ခြင်း)၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး၊ မိုးရာသီကျန်းမာရေးနှင့် ကျောင်းမုန့်ဈေးတန်း ဘေးကင်းလုံခြုံရေးအချက်များကို အကျယ်တဝင့် ကျန်းမာရေးဆိုင်ရာများပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်မိမာမာကြည်က ကလေးငယ်များ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းစေရန် မိခင်နှင့်ကလေး စောင့်ရှောက်ရေးကဏ္ဍ၏ အရေးပါပုံနှင့် အာဟာရပြည့်ဝစွာ စားသောက်ရေးတို့ကို အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များသည် ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ လှည့်လည်ကာ မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ရေတင်ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာဟောင်း များအား ရှင်းလင်းခြင်း၊ ရေစည်ရေအိုးများအား “ဖုံး၊ သွန်၊ လဲ၊ စစ်” စနစ်တကျ ပြုလုပ်ခြင်း၊ ရေတွင်းရေကန်များအတွင်း အဘိတ် (Abate) ဆေးခတ်ပေးခြင်း စသည့် ရပ်ရွာအကျိုးပြု ကျန်းမာရေးလုပ်ငန်းများကို စုပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)