ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း သဒ္ဓမ္မပါလ အဖြူရောင်နှလုံးသား ပရဟိတအဖွဲ့မှ အစာအဟာရဒါနများ ကူညီလှူဒါန်း ဆောင်ရွက်

ဘိုကလေး  ဇန်နဝါရီ  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သဒ္ဓမ္မပါလ ဇောတိကာရုံ ကျောင်းတိုက်မှ တည်ထောင် ဖွင့်လှစ်ထားသည့် သဒ္ဓမ္မပါလ အဖြူရောင်နှလုံးသား ပရဟိတအဖွဲ့သည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်နေသည့် ကာလအတွင်း ဘိုကလေးမြို့နယ်၌ အသွားအလာ ကန့်သတ်ထားရှိခံရသူများအား အစာအာဟာရအတွက် နေ့စဉ်ဒါနပြုလှူဒါန်း လျက်ရှိသည်။

လှူဒါန်းရာတွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာ(၃)ရက်နေ့မှစတင်၍ ယနေ့ထိ အ.ထ.က(၁)ဘိုကလေး Quarantine Centreအတွက် နေ့လည်စာ၊ ညစာ လှူဒါန်းပေးလျက်ရှိပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလတွင် အောင်စင်္ကြာ စေတီတော်မြတ်ကြီးအတွင်း၌ ယာယီ Quarantine Centre ဖွင့်လှစ်ခဲ့သည့် ကာလ တစ်လျှောက် အသွားအလာ ကန့်သတ်ထားရှိခံရသူများအတွက် နေ့လည်စာ၊ ညစာများအား လှူဒါန်း ပေးခဲ့ကြောင်း သဒ္ဓမ္မပါလ အဖြူရောင်နှလုံးသား ပရဟိတအဖွဲ့ ဦးဆောင်ဆရာတော်ထံမှ သိရသည်။

ထို့အပြင် သဒ္ဓမ္မပါလ အဖြူရောင်နှလုံးသား ပရဟိတအဖွဲ့အနေဖြင့် ၂၀၂၀ခုနှစ် ဧပြီလမှ စတင်၍ နိုဝင်ဘာလကုန်အထိ တစ်ရက်လျှင် ဆန်(၁)တင်းနှုန်းဖြင့် ချက်ပြုတ်ကာ ထမင်း၊ ဟင်းများအား ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်အတွင်းရှိ ချို့တဲ့ အိမ်ထောင်စုဝင်များကို အာဟာရဒါနပြု လှူဒါန်းခဲ့ပြီး ရပ်ကွက်အတွင်းတွင်လည်း တစ်ပတ်လျှင်(၂)ကြိမ်နှုန်း ပိုးသတ်ဆေး ဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)