ကလေးမြို့ အမှတ် (၁) စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ငှက်ပျောစိုက်ပျိုးနည်းစနစ်များ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ကလေး ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အမှတ် (၁) စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား, ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်ဝစေရန်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် ရည်ရွယ်၍ နေ့စဉ်ငှက်ပျောသီး ကျွေးမွေးနိုင်ရန်အတွက် အဆိုပါကျောင်းရှိ ရွှေရတုခန်းမဆောင်၌ ငှက်ပျောပင်စိုက်ပျိုးရေးအတွက် စိုက်ပျိုးနည်းစနစ်များ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပကြသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မေကြွယ်ဝင်းကက ငှက်ပျောပင်စိုက်ပျိုးခြင်း နည်းပညာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကျောင်းအလိုက် ငှက်ပျောပင်စိုက်ပျိုးမည့် အစီအမံအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့ကြောင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကိုယ်ပိုင်ကျောင်းတာဝန်ရှိသူများ၊ ကျောင်းသားမိဘများက ဒေသမျိုးဖီးကြမ်း ငှက်ပျောပင် (၃၂၀) ပင်အား စုပေါင်းစိုက်ပျိုးကြသည်။

ဆက်လက်၍ အမှတ် (၁) စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နေကြသော ကျောင်းသား/ကျောင်းသူ (၃၅) ဦးအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေ (၈) သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)