ကမမောင်း ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကျောင်းသားလူငယ်များအကြား ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားကဏ္ဍ မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခဲ့သည့် ကျောင်းပေါင်းစုံ အသက် ၁၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ်မှ တပ်ရင်းမှူး ဗိုလ်မှူးစောမောင်ချစ်၊ ဖာပွန်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုး၊ ဖာပွန်မြို့နယ်ပညာရေးမှူး ဦးသိန်းဦး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့အဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အခြေခံအထက်တန်းကျောင်း (ကမမောင်း) နှင့် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့က အားကစားစိတ်ဓာတ်အပြည့်ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုနှင့်အတူ သတ်မှတ်အချိန်အတွင်း (၂) ဂိုး၊ (၁) ဂိုးဖြင့် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲက ဗိုလ်စွဲကာ ချန်ပီယံဖလားကို ဆွတ်ခူးားသည်။
ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ထူးချွန်ဆုရရှိသူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကမမောင်း (ပြန်/ဆက်)