လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မွေးမြူရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်မွေးမြူနိုင်ရန်အတွက် အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်

လှိုင်းဘွဲ    ဇန်နဝါရီ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်World Vision Myanmar အဖွဲ့တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် မွေးမြူနိုင်ရန် ရည်ရွယ်၍ အခြေခံမွေးမြူရေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က World Vision Myanmar ရုံး၌ ဆောင်ရွက်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် လှိုင်းဘွဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး World Vision Myanmar အဖွဲ့ လှိုင်းဘွဲမြို့နယ် စီမံချက်တာဝန်ခံ ဒေါ်ခိုင်ယဉ်နုက အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းကို မွေးမြူရေးလုပ်ငန်းများ စနစ်တကျမွေးမြူနိုင်ရန်အတွက် GAHP(Good animal Health Production)၊ မျိုးကောင်းမျိုးသန့်များ ရရှိနိုင်သော (AI)သားဆက်နည်း၊ တိရိစ္ဆာန်များ မွေးမြူရာတွင် ကာကွယ်/ကုသရေးလုပ်ငန်းစဉ်များ၊ တစ်ပိုင်တစ်နိုင်မွေးမြူရေး၊ စီးပွားဖြစ်မွေးမြူရေး၊ အစာရှာပါးဒေသများတွင် မြက်ချဉ်ပြုဖတ် ပြုလုပ်နည်း စသည့် ကြက်/ဝက်/ဆိတ် မွေးမြူကုသရေး လုပ်ငန်းများကို ဇန်နဝါရီလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်တန်းသား/သူ (၃၅)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)