လွိုင်ကော် ဇူလိုင် ၁၇
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရေဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ နောင်ယားကန်သာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိုးဦးကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် မီးသတ်တပ်ဖွဲ့အနေဖြင့် မြစ်၊ ချောင်း၊ ဆည်များ၏ ရေဝင်ရောက်မှုအခြေအနေများ၊ ရေအမှတ်များကို နေ့စဉ်မှတ်တမ်းပြုစုသုံးသပ်ခြင်းများအပြင် ရေကြီးရေလျှံမှုဖြစ်ပေါ်လာပါက ပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများထိခိုက်ဆုံးရှုံးမှု မဖြစ်စေရေး ရှာဖွေကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရွေ့ပြောင်းရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်အောင် အမြဲအသင့်အနေထားရှိနေစေရေးဆောင်ရွက်ထားရှိရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို စနစ်တကျ လေ့လာသင်ယူလေ့ကျင့်ထားရန် လိုကြောင်းစသည်ဖြင့် ပြောကြားပါသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေဘေးအန္တရာယ်ကာကွယ်ရေး လက်တွေ့သရုပ်ပြသမည့် တပ်ဖွဲ့ဝင်များက Life Buoy စက်လှေများဖြင့် အလေးပြုမှုကိုခံယူပြီး မီးသတ်တပ်ဖွဲ့ဝင်များက Life Buoy ဖြင့် ကယ်ဆယ်ရေး ဆောင်ရွက်မှု၊ ရေဘေးသင့်ပြည်သူများအား စက်လှေဖြင့် ကူညီရွှေ့ပြောင်းပေးခြင်းသရုပ်ပြမှုနှင့် စက်လှေမီးလောင်မှုအား မီးငြှိမ်းသတ်ခြင်းနှင့် ပြည်သူများအား စက်လှေဖြင့် ကယ်ဆယ်ရေး သရုပ်ပြမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဇာတ်တိုက်လေ့ကျင်မှုတွင်ပါဝင်သော တပ်ဖွဲ့ဝင်များက စုဖွဲ့အနေအထားဖြင့် ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုကိုခံယူပြီး ရေဘေးအန္တရာယ် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)