သာယာဝတီ ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် အမှတ်(၁၄) စက်မှုလယ်ယာဦးစီးဌာနမှ သင်တောရိုးကျေးရွာအုပ်စု ကွင်းအမှတ် (၁၂၅၁) ဦးပိုင်အမှတ် (၄)ရှိတောင်သူဦးမြင့်ကျော်ဦး၏ လယ်ယာမြေ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲတွင် KUBOTA ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြသခဲ့ပြီး စိုက်ပျိုးရာတွင် လယ်တစ်ဧကလျှင် တစ်နာရီခန့်သာကြာမြင့်ခဲ့ပြီး ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ကြောင်း ဒေသခံတောင်သူအနေဖြင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးမည်ဆိုလျင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးကူညီ ဆောင်ရွက်သွားဖြစ်ကြောင်း သိရသည်။
သရုပ်ပြပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟို၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးဇော်မြင့်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်မျိုးဗလနှင့်ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးကော်မတီဝင်များ၊ ဒေခံတောင်သူများက လေ့လာကြည့်ရှုခဲ့သည်။
လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးခြင်းကိုဖြေလျော့နိုင်ရေး၊ လုပ်အားကုန်ကျမှု သက်သာစေရေး၊ ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်စေရေး၊ အချိန်တိုအတွင်း လုပ်ငန်းပြီးစီးမှုလျင်မြန်စေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် တောင်သူများအနေဖြင့် ခေတ်မီလယ်ယာသုံး စက်ကိရိယာများဖြင့် ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုတတ်လာစေရေးရည်ရွယ်၍ သရုပ်ပြပွဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)