နန်းယွန်း ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) “လမင်းစီမံချက်’ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇော်မျိုးသူက နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ (၂၁၆) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများနှင့် စုပေါင်း မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်း များက အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ၊ ကောက်ယူစစ်ဆေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)