ဓနုဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဓနုဖြူ    ဇူလိုင်    ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၁၄ရက်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသူ မယမင်းက လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်ထက်ယံက လူငယ်နှင့်အား ကစားခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောင်းသူ မမျိုးသီရိသန့်က လူငယ်နှင့်ပညာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်ကောင်းဆက်လင်းက လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မယုမိစံက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်များ၊ သဘာဝဘေး အန္တရာယ်တား ဆီးကာကွယ်အသိပညာပေး နံရံကပ်စာစောင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)