အိမ်မဲ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော ကွင်းကလေးကျေးရွာအုပ်စု၊ ပရိုက်ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က ကျင်းပခဲ့သည်။
ဦးစွာ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော ကွင်းကလေးကျေးရွာအုပ်စု၊ ပရိုက်ကျေးရွာမြေငှားဂရန်များအား တစ်မြို့နယ် ကိုတစ်ရွာပေးအပ်တဲ့ အခမ်းအနားဖြစ်ကြောင်း၊ မြေငှားဂရန်ရရှိတဲ့ ပြည်သူများအနေနဲ့ ဂရန်စာချုပ်များကိုသေသေချာချာ သိမ်းဆည်းထားဖို့လိုကြောင်း၊ အကျိုးရှိစွာအသုံးပြုဖို့လိုကြောင်းနှင့် မြေငှားဂရန်ချထားပေးရခြင်း၏ ရည်ရွယ်ချက်များအကြောင်းတို့ကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကျင်းပရာ မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိုးတိုးငွေတို့က ကွင်းကလေးကျေးရွာအုပ်စု၊ ပရိုက်ကျေးရွာမှ ပြည်သူများအား မြေငှားဂရန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကွင်းကလေးကျေးရွာအုပ်စု၊ ပရိုက်ကျေးရွာနေပြည်သူများကိုယ်စား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့်အခမ်းအနားသို့ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အဆိုပါကျေးရွာမှ မြေငှားဂရန်လျှောက်ထားသူများ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်