ကလေးဝမြို့တွင် ကလေးခရိုင်အထူးကု သမားတော် ဆရာဝန်ကြီးများက ကွင်းဆင်း၍ ပြည်သူများအားဆေးကုသပေး

ကလေးဝ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကလေးခရိုင်အထူးကု သမားတော် ဆရာဝန်ကြီးများက ပြည်သူ့အတွက်ရက် (၁၀၀) စီမံချက်ဖြင့် ကလေးဝမြို့ ပြည်သူ့ဆေး ရုံကြီးသို့ လာရောက်၍ ယနေ့ နံနက် ၈ နာရီက ကွင်းဆင်ပြီး ပြည်သူများအား ဆေးကုသပေးခဲ့သည်။

ထိုသို့ဆေးကုသပေးရာတွင် ကလေးခရိုင်ပြည်သူ့ဆေးရုံံကြီးမှ အထူးကု သမားတော်ကြီးများဦးဆောင်သော အထွေထွေရောဂါကုသရေးအဖွဲ့၊ ခွဲစိတ်ကုသရေးအဖွဲ့၊ မျက်စိကုသရေးအဖွဲ့၊ သားဖွားမီးယတ်ကုသရေးအဖွဲ့၊ ကလေးအထူးကုအဖွဲ့၊ အရိုးအကြော ကုသရေးအဖွဲ့၊ စိတ်ရောဂါကုသရေးအဖွဲ့ပါ စုစုပေါင်း ၂၂ ဦးတို့က ကွင်းဆင်း၍  ကလေးဝမြို့ ပေါ်နှင့် ကျေးရွာများရှိ ကျန်းမာရေးချို့တဲ့နေသည့် ပြည်သူများအား ကျန်းမာရေးစစ် ဆေးမှုများပြုလုပ်ပြီး ဆေးကုသပေးခဲ့ကြသည်။

အဆိုပါ ဆေးကုသပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများက ပြည်သူများ အဆင်ပြေ စိတ်အေးချမ်းစွာ ဆေးကုမှုခံယူနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)