ဝေါ ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ(၁)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပေါက်တန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟု သုတစာများကိုဖတ်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပါပုံပြင်စာအုပ်များ၊ အသိပညာဗဟုသုတ ရရှိစေမည့် စာအုပ်စာစောင်များအားဖတ်ရှုစေခြင်း၊ စာဖတ်ခြင်းအကျိုးကျေးဇူး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
အာကာ (ပြန်/ဆက်)