ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နေ့လယ် (၁) နာရီ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/ သူများအင်အား (၂၀၀) ခန့်တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အထက်တန်း ကျောင်းသား/သူ (၄) ဦးနှင့်အတူ “လူငယ်နှင့် အလုံလွယ်မှု၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် အာရုံခံစားမှု၊ လူငယ်နှင့် ကိုယ်ရည်ကိုယ်သွေး” စသော ခေါင်းစဉ်များဖြင့် လူငယ်များအကျိုးဖြစ်ထွန်း မှတ်သားဖွယ်ရာများအား လူငယ်စကားဝိုင်းအဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးကြပြီး စကားဝိုင်းတက်ရောက်လာကြသော ကျောင်းသား/သူများကလည်း သိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆက်လက်ကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က လူငယ်များ အတွက် စိတ်ဓာတ်မြင့်မားရေးဆိုင်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများ ဟောပြောပြီး သုတ၊ ရသစုံ စာအုပ်စာပေများ၊ ကဏ္ဍစုံနံရံကပ်စာစောင်များအား ခင်းကျင်းချိတ်ဆွဲပြသခဲ့ကြောင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက စားသောက်ကုန်များမှ ကုန်အညွှန်းအမှတ်တံဆိပ်များအကြောင်း၊ သက်တမ်းလွန်ကုန်စည်များ၏ အန္တရာယ်များ အကြောင်းတို့ကို အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

မိုးစက်