စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပ

စေတုတ္တရာ  ဇန်နဝါရီ  ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိပါက ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်းကောက်ယူနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိပါက ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမည့် လူများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူဦးရေစာရင်းများ ကောက်ယူရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက လူဦးရေစာရင်းများကောက်ယူမှုနှင့် ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign များ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊ မြို့အဝင်စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ  လူအဝင် အထွက် စနစ်တကျစစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

စည်သူလွင်(ပြန်/ဆက်)