မော်လိုက်မြို့၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မော်လိုက် ဇူလိုင် ၁၇

မော်လိုက်မြို့တွင် ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ (၁၆) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၁၄၁ စင်တီမီတာသို့ ရောက်ရှိနေပြီး မြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၂၃၀ စင်တီမီတာသို့‌ ရောက်ရှိရန် ၈၉ စင်တီမီတာသာ ကျန်ရှိနေသော‌ကြောင့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတို့ပူးပေါင်း၍ ဇူလိုင်လ(၁၆)ရက်နေ့ညနေပိုင်း(၂)နာရီချိန်က အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ကြေညာခဲ့ရာ “မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မော်လိုက်မြို့နယ်မိုးလေဝသနှင့်ဇလဗေဒတိုင်းထွာရေးစခန်းမှ မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် (၁၁၄၁) စင်တီမီတာသို့ ရောက်ရှိနေသောကြောင့် ဆက်လက်မြင့်တက် လာနိုင်ကြောင်း၊ မိဘပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြောင့် ပစ္စည်းဥစ္စာများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် အသက်အန္တရာယ်များ ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိစေလိုကြောင်း၊ ရေဘေးအန္တရာယ်ကြောင့် အကူအညီများ လိုအပ်လာပါက ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနတွင် အကူအညီ လာရောက်တောင်းခံနိုင်ကြောင်း” အသိပေးကြေညာခဲ့‌ပြီး ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနရှိ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့မည့်ပစ္စည်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)