လိပ်သို ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာ မောင်ကျေးဇူးရေးသားသော “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာအုပ်စာပေကို မိတ်ဆွေစစ်အဖြစ်လည်းကောင်း၊ အသိအလိမ္မာတို့၏ အစုအဝေးအဖြစ် လည်းကောင်းခံယူ၍ စာဖတ်ဝါသနာကို ပျိုးထောင်ကြဖို့လိုကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-10 ကျောင်းသူ နော်သက်ငုံဖူးက “မူးယစ်ဆေးကိုတိုက်ဖျက်ကြ၊ အသက်ရှည်ဖို့ အဓိက” ခေါင်းစဉ်အောက်မှ ယနေ့ မျက်မှောက်ခေတ်တွင် လူ့အသက်တိုစေသည့် အဓိကတရားခံမှာ မူးယစ်ဆေးဝါးပင် ဖြစ်ကြောင်း၊ တန်ဖိုးရှိလှသော လူ့ဘဝကို မူးယစ်ဆေးကြောင့် နစ်မွန်းရမည်၊ အသက်တိုရမည်ဆိုလျှင် အလွန်ပင် နှမြောဖွယ်ကောင်းကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ မောင်ကျေးဇူး ရေးသားသော “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါး အန္တရာယ်” စာအုပ်အား ဖတ်ရှုခြင်းဖြင့် နိုင်ငံတော်က အားထားရသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို လက်တည့်မစမ်းမိအောင် ရှောင်ရှားသင့် ကြောင်း သိရသည်။
နော်ဖလောရင်း