ပုလောမြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော တာတမံများ ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်

ပုလော    ဇန်နဝါရီလ     ၂၅

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလှူ‌ငွေမှ NOUL မုန်တိုင်းဒဏ် ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော တာတမံပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲ က ပုလောမြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးကျော်မင်းက နိုင်ငံတော်အစိုးရအနေဖြင့် ဒေသခံတောင်သူ တို့၏ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ရရှိလာသော ရန်ပုံငွေ များ သုံးစွဲရာတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာနှင့် ပြည်သူများအနေဖြင့် မြေပြင်ရဲ့အခြေအနေမှန်ကို ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားခဲ့သည်။

ပုလောမြို့နယ်အတွင်းရှိ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ (NOUL မုန်တိုင်းဒဏ်ကြောင့်) ပျက်စီးဆုံးရှုံးခဲ့သော တာတမံများ ပြန်လည် ပြုပြင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးသည့် လက္ကူးကျေးရွာအုပ်စုကို (၃၃၈.၆)သိန်း၊ ရှပ်ပုံကျေးရွာ အုပ်စုကို (၁၆၂.၇)သိန်း၊ တောင်ယာကမ်းကျေးရွာအုပ်စုကို (၂၈.၅)သိန်း၊ ပလအမှတ်(၄) ရပ်ကွက်ကို(၅၆.၁) သိန်း၊ ခန္တီကျေးရွာအုပ်စုကို(၆၄.၁)သိန်း၊ ပြင်ဘုကြီးကျေးရွာအုပ်စုကို(၄.၈)သိန်း၊ ကျောက်လုံးကြီးကျေးရွာ အုပ်စုကို(၈.၆)သိန်း၊ မလိကျေးရွာအုပ်စုကို(၅.၈)သိန်း၊ ဇရပ်ဆိပ်ကျေးရွာ အုပ်စုကို(၁၂၆.၈)သိန်း၊ လိပ်သောင်ကျေးရွာ အုပ်စုကို(၂.၃)သိန်း၊ မကျည်းကုန်းကျေးရွာ အုပ်စုကို(၂၅.၇) သိန်း၊ စုစုပေါင်း(၈၂၄)သိန်းကို တာဝန်ရှိသူများက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ နှင့် တောင်သူများ အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလောပြန်/ဆက်)