ကန့်ဘလူမြို့နယ်၌ ပိုက်ဆန်လျှော်သစ်စိမ်းမြေဩဇာ ထည့်သွင်းအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ကန့်ဘလူ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ ကွင်းအမှတ် (၆၅၁)၊ ဦးပိုင်အမှတ်( ၇၂/ခ) တောင်သူ ဦးစိုးဝင်း၏ သစ်စိမ်းမြေဩဇာ ပိုက်ဆန်လျှော် ၆ ဒသမ ၅၀ ဧကအား တောင်သူများလက်တွေ့သိမြင်စေရန် ထယ်ထိုးမြေမြုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၁၆ ရက်နံနက် ၈ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ဇော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်/မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ဒေသခံ တောင်သူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြည့်ရှုလေ့လာကြသည်။

ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှကြိုင်က သီးနှံများမစိုက်ပျိုးမီ သို့မဟုတ် သီးနှံရိတ်သိမ်းပြီး ခေတ္တမြေလှပ်ချိန်တွင် အကြီးမြန်သော ပိုက်ဆန်လျှော်အားကြဲပက် စိုက်ပျိုးထားပြီး ပန်းမပွင့်မီအချိန်တွင်ထယ်ထိုးမြေမြုပ်ပေးခြင်းဖြင့် သီးနှံပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖရပ်ဓာတ်များနှင့်သစ်ဆွေးဓာတ်များကို မြေတွင်းသို့ထည့်သွင်းပေးနိုင် ကြောင်း၊ ရေရှည်တည်တံသော စိုက်ပျိုးထုတ်လုပ်မှုကိုထိန်းသိမ်းရန်မှာ မြေဆီလွှာအရည်အသွေး ကောင်းမွန်ပြီး အပင်အာဟာရဓာတ်လုံလောက်စွာရရှိရန်မှာ အရေးကြီးကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်က ပိုက်ဆန်လျှော် သစ်စိမ်းမြေဩဇာအကြောင်း သိကောင်းစရာများ၊ သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်သော နည်းလမ်းများအား ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသော တောင်သူ များအား သရုပ်ပြသိုက်ပျိုးထားသော ပိုက်ဆန်လျှော်များအား ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ ပိုက်ဆန်လျှော်ထယ်ထိုးမြေမြုပ်ခြင်း လက်တွေ့ဆောင်ရွက်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)