ပခုက္ကူ ဇူလိုင် ၁၇
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးနှင့် အရည်အချင်းရှိသော လူ့စွမ်းအားအရင်းအမြစ်များ၊ ဗလငါးတန်ပြည့်စုံကြွယ်ဝပြီး ဘက်စုံထူးချွန်ထက်မြက်သော ခေတ်ပညာတတ်မျိုးဆက်သစ်လူငယ်လူရွယ်များ လိုအပ်သည်နှင့်အညီ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများအား စာပေဖတ်ရှုလေ့လာမှတ်သားတတ်သည့် အလေ့အထကောင်းများတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ပညာရေးမှူးရုံး၌ ယမန်နေ့နံနက် ၁၀နာရီအချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က အမှာစကားပြောကြားပြီး ခေတ္တမြို့နယ်ပညာရေးမှူး ဦးဝဏ္ဏကြိုင်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ပွဲတော်ကာလအတွင်း စာပေပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်ပြပွဲများ၊ အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း (Never Stop Learning Talk Show) ပွဲနှင့် အခမ်းအနားကျင်းပမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိပ်ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)