မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို  မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ (ဒေသဆိုင်ရာကော်မတီ) နှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ မကွေးစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသဆိုင်ရာကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူများနှင့်အတူ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများအား မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်း ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ (ဒေသဆိုင်ရာကော်မတီ) တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ရှိသူတို့က အဆောက်အဦးများ ဆောက်လုပ်ခြင်း Survery တိုင်းတာခြင်း၊ သတ်မှတ်အတိုင်းအတာ အကွက်ဖော်တိုင်းတာခြင်း၊ လမ်းအူကြောင်းဖော် တစ်ကြောင်းထိုးလုပ်ငန်း၊ မြေသားတာဘောင်တင်ခင်းခြင်းလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့မှုများ၊ ဆောင်ရွက်မှုလုပ်ငန်းအလိုက် လုပ်ငန်းတိုးတက်ပြီးစီးမှုအခြေအနေနှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က  စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် စံနှုန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးရေး မှာကြားကာ၊ စက်မှုဇုန် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး/ ပြည်နယ်များမှာ အသေးစားစက်မှုဇုန်များ ဖော်ဆောင်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်အရ မကွေးတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ မကွေးမြို့မှာ စက်မှုဇုန်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မကွေးမြို့ စက်မှုဇုန်ကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ  စနစ်တကျ စီမံထူထောင်၍ ဒေသတွင်းသာမက  ပြည်တွင်း / ပြည်ပရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန်၊ မကွေးမြို့အတွင်းရှိ စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း အခြေချ လုပ်ကိုင်ဆောင်ရွက်လာစေရန်နှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေးအတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးမြို့စက်မှုဇုန် တည်ထောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်လာစေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်စီမံကိန်း Site Cleaning၊ Survey တိုင်းတာဆောင်ရွက်မှု၊ မြေကွက်တိုင်းတာချထားပေးမှု၊ လက်ရှိစက်မှုဇုန်တွင် လုပ်ငန်းလုပ်ကိုင်ရန် လုပ်ငန်းရှင်များမှ လုပ်ငန်းပြင်ဆင်ဆောင်ရွက်မှုအခြေအနေများနှင့် လမ်းအူကြောင်းဖော်လုပ်ငန်းများ၊ စက်မှုဇုန်အတွင်းလမ်းများ ပြီးစီးဆောင်ရွက်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

မကွေးမြို့စက်မှုဇုန်သည် မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက်၊ မိုင်တိုင်အမှတ် (၃၂၅)၊ မကွေးမြို့မှ (၄) မိုင်ခန့်အကွာ၊ မကွေးကွန်ပျူတာတက္ကသိုလ်မှ (၇) ဖာလုံခန့်အကွာ၊ မကြီးကန်ဓာတ်အားခွဲရုံမှ ၁.၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး အမှတ် (၅) စက်မှုသင်တန်းကျောင်း၊ တာတာကားစက်ရုံတို့နှင့် ဆက်စပ်လျက်တည်ရှိပြီး(၄၆၁.၁၄)ဧက ကျယ်ဝန်းကာ၊ စက်မှုဇုန်မြေနေရာ၏ တောင်ဘက်ခြမ်း ၁ မိုင် ၄ ဖာလုံခန့်အကွာတွင် ဧရာဝတီမြစ် တည်ရှိသဖြင့် နောင်အနာဂတ် စက်မှုဇုန်ဖွံ့ဖြိုးလာသည့်အချိန်တွင် ကုန်တင်၊ ကုန်ချဆိပ်ကမ်းငယ်တစ်ခု ဆောင်ရွက်ခြင်းဖြင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)