ပွင့်ဖြူမြို့နယ်၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ ကျင်းပ

ပွင့်ဖြူ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာ၌ ကျင်းပဆောင်ရွက်သည်။

ရှေးဦးစွာ မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က ကျေးရွာမြေငှားဂရန်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် နိုင်ငံတော်အစိုးရသစ်၏ ပထမရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာမြေငှားဂရန်များကို မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကပေးအပ်ရာ ရှမ်းတောကျေးရွာမှ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းတောကျေးရွာမှ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)