သရက်မြို့၌ သဘာဝဘေးလျော့ပါးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

သရက် ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ သဘာဝဘေးလျော့ပါးရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အသိပညာပေးဟောပြောပွဲကို ဘာဝနာကျောင်းတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဘာဝနာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် သရက်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်းက ရေဘေး၊ငလျင်ဘေးဆိုင်ရာများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ထက်နန္ဒာထွန်းနှင့် ဒေါ်အိန္ဒာအာင်တို့က၊ စွန့်ပစ်အမှိုက်အကြောင်းအရာနှင့် ပလတ်စတစ်သုံးစွဲမှု၏ဆိုးကျိုးများ၊ ပလတ်စတစ်လျော့ချရန်နည်းလမ်း(၉)မျိုး ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောရာတွင် အဖြူရောင်ညစ်ညမ်းမှုဆိုသည်မှာ တခါသုံးကြွပ်ကြွပ် အိတ်ပလတ်စတစ်များသုံးစွဲမှုမှ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အား ယိုယွင်းပျက်စီးစေမှုဖြစ်ပါကြောင်းနှင့် ပလတ်စတစ်၏အခြေခံသဘာဝ(၃)မျိုးအကြောင်းတို့ကို ဟောပြောဆွေးနွေးကြသည်။ ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “ပလတ်စတစ်သုံးစွဲခြင်းအ ကြောင်း” အသိပညာပေးလက်ကမ်းစာစောင်များနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များအား ကျောင်းသား၊ကျောင်းသူများတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)