မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို သူနာပြုသိပ္ပံ (မကွေး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး ဇူလိုင် ၁၇

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသိပ္ပံ (မကွေး) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သူနာပြုသိပ္ပံ (မကွေး) မြတ်ပညာခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ လွှတ်တော်ဒု-ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သူနာပြုဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအဖြစ် ၁၉၉၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၃၂ နှစ်ကြာသမိုင်းကြောင်းရှိခဲ့သည့် ဤကျောင်း‌တော်ကြီးအား ယနေ့တွင် သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ လက်ရှိတွင် သင်တန်းသား၊ သင်တန်းသူ ၃၂၄ ဦးအား သင်ကြားရေးဆရာ ၁၃ ဦးက သင်ကြားရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများတွင် လူနာပြုစုစောင့်ရှောက်မှုအရည်အသွေးကို မြှင့်တင်ရန်ရည်ရွယ်၍ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုတွင် သူနာပြုသိပ္ပံ ၁၅ ခုကို အစိုးရသစ် ရက်ပေါင်း ၁၀၀ စီမံချက်ဖြင့် အဆင့်မြှင့်တင်ခဲ့ရာ ယနေ့တွင် နိုင်ငံတော်သမ္မတကြီးမှ တစ်ပြိုင်နက်တည်း ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သူနာပြုများသည် အသက်အန္တရာယ်ကင်းရှင်းရေးနှင့် ကုသမှုရလဒ် ကောင်း မွန်ရေးတို့အတွက်တိုက်ရိုက်အကျိုးသက်ရောက်စေသူများ ဖြစ်ပါကြောင်း၊ သူနာပြုသိပ္ပံ (မကွေး) အနေဖြင့် သူနာပြု ပညာအရည်အသွေးကို နိုင်ငံတကာစံနှုန်းများနှင့်အညီ မြှင့်တင်ရန်နှင့် နိုင်ငံအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းသားများအား အရည်အသွေးပြည့်ဝသော ပညာရှင်များဖြစ်လာစေရန် စေတနာ၊ ဝါသနာ၊ တာဝန်ယူမှုတို့ဖြင့်လေ့ကျင့်သင်ကြားပေးရန်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သူနာပြုအလုပ်ကို မြင့်မြတ်သော တာဝန်တစ်ရပ်အဖြစ် ခံယူကာ ပညာ၊ ကျင့်ဝတ်၊ စည်းကမ်းနှင့် လူသားချင်းစာနာမှုတို့ကို အမြဲလက်ကိုင်ထားကြရန် လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်အရည်အသွေးမြင့်မားစေရေးတို့အတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က သူနာပြုသိပ္ပံကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား အမွှေး နံ့သာရည်ဖြင့် ပက်ဖြန်းပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုသင်တန်းကျောင်း အတွင်းရှိ စာသင်ခန်းများ၊ လက်တွေ့သင်ကြားရေးအခန်းများ၊ စာ ကြည့်တိုက်နှင့် သင်တန်းသား/ သူများ၏ အိပ်ဆောင်၊ စားသောက်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)