ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ (အ.ထ.က) ကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကံသာကြီး ကျေးရွာအခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ စာပေအသိပညာတိုးပွားစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ အတွင်းရေးမှူး ဆရာကြီး ဦးကျော်စိုး (ပညာရေးငြိမ်း) က ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးဟောပြောသည်။

ထို့နောက် ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို  မေးမြန်းရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုခဲ့ကြ ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)