ငပုတောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငပုတော ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါဘေးမှ ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ အခြေခံပညာကျောင်းများနှင့် နေအိမ်များသို့လှည့်လည်ကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကာ ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့သွားရောက်၍ ရေတွင်း၊ ရေကန်များ၊ ရေစည်ရေအိုးများနှင့် ဘုရားပန်းအိုးများအတွင်း ခြင်အန္တရာယ်ကင်းဝေးစေရန်အတွက် “ဖုံး၊ သွန်၊ လဲ၊ စစ်” စနစ်ကို စနစ်တကျလုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ရေသိုလှောင်ကန်များနှင့် ရေစည်များအတွင်းသို့ ပိုးလောက်လမ်းများ ပေါက်ဖွားမှုမရှိစေရန်အတွက် အဘိတ် (Abate) ဆေးခတ်ပေးခြင်း၊ ဖုံးအုပ်ရခက်ခဲသော ရေစုကန်များအား လိုက်လံစစ်ဆေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းစေခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်သို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ငပုတောမြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်အတွက် ယခုကဲ့သို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများအလိုက် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)