အောင်လံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ကသစ်ကန်ကျေးရွာအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

အောင်လံ ဇူလိုင် ၁၅

​မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ပြည်သူ့အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်နှင့် “Quick Win”လုပ်ငန်းများကို အကောင်အထည်ဖော်ရန် ရက်(၁၀၀)စီမံချက် (Work Plan) အရ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်။

​ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးလှရွှေနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ကသစ်ကန်ကျေးရွာရှိ ကျေးရွာမြေငှားဂရန် လျှောက်ထားရယူမည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

​ယင်းသို့​ ဒေသခံများနှင့်တွေ့ဆုံစဉ် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့ အိုးအိမ်၊ ခြံမြေများအား မြေယာအရှုပ်အရှင်းကင်းဝေးစေရေး၊ ဂရန်ရရှိသည့်အခါ မြေပိုင်ဆိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ ရရှိနိုင်မှုအခြေအနေများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး၊ လမ်းမကြီးနယ်နိမိတ်များနှင့် လျှပ်စစ်ကေဘယ်လ်ကြိုးကြီးများ၏ နယ်နိမိတ်အတွင်း ကျရောက်မှုမရှိစေရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ပေးခဲ့ကြသည်။

​အဆိုပါ ကသစ်ကန်ကျေးရွာတွင် စုစုပေါင်း အိမ်ခြေ(၇၆၄)အိမ်ရှိသည့်အနက် ရက်(၁၀၀)စီမံချက်အရ ပထမအဆင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်မည့် အိမ်ခြေ(၂၀၀)အား စနစ်တကျထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)