ငဖဲ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် နွေသီးနှံများစိုက်ပျိုးရာသီက မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် နွေစပါးများ ၄၆၄ ဧက ရိတ်သိမ်းပြီးစီးပြီး ၉၀.၉၇ တင်းနှုန်းဖြင့် စပါးတင်းပေါင်း ၄၂၂၁၁ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာသီတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် အောင်နိုင်တိုး၊ မနောသုခ၊ ရတနာတိုး နှင့် ဆင်းသုခ မျိုး စုစုပေါင်း ၇၇၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စပါးခင်းများကို ဇူလိုင်လအတွင်းစတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ ၄၆၄ ဧက အပြီးသတ်ရိတ်သိမ်းပြီးစီး ပြီး ဆက်လက်ရိတ်သိမ်းလျက်ရှိသည်။
ရိတ်သိမ်းပြီးစီးခဲ့သည့် နွေစပါး အောင်နိုင်တိုး ၅၈ ဧကတွင် တစ်ဧကလျင် ၉၅.၇၁ တင်း နှုန်းဖြင့် ၅၅၅၁ တင်း ၊ မနောသုခ ၂၆ ဧကတွင် တစ်ဧကလျင် ၈၅.၁၂ တင်း နှုန်းဖြင့် ၂၂၁၃ တင်း၊ ရတနာတိုး ၆၇ ဧကတွင် တစ်ဧကလျင် ၈၅.၂၂ တင်း နှုန်းဖြင့် ၅၇၁၀ တင်းနှင့် ဆင်းသုခ ၃၁၃ ဧကတွင် တစ်ဧကလျင် ၉၁.၈၁ တင်းနှုန်းဖြင့် ၂၈၇၃၇တင်း စုစုပေါင်း နွေစပါး ၄၂၂၁၁ တင်း ထွက်ရှိပြီး စပါးအစိုတစ်တင်းလျင် ငွေကျပ် တစ်သောင်းငါးထောင်မှ တစ်သောင်းရှစ်ထောင်ကျပ်နှုန်းရောင်းချရကြောင်း သိရသည်။ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ နွေသီးနှံများစိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ရိတ်သိမ်းခြွေလှေ့ရာတွင် လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး စနစ်တကျရိတ်သိမ်းခြွေလှေ့ရန် တောင်သူအသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့်ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)