မင်းဘူး ဇူလိုင် ၁၇
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲကို စကုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စကုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က အနာဂတ်နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့်အသိပညာဗဟုသုတများပြည့်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံစွာဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် သုတ၊ ရသနှင့် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုဖတ်ရှုကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းက အားကစားကိုလေ့လာလိုက်စားခြင်းဖြင့်ရရှိလာသည့် အကျိုးကျေးဇူးများနှင့် အားကစား၏အခန်းကဏ္ဍများကိုပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မီးဘေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ အာဇာနည်နေ့(သို့မဟုတ်)မမေ့နိုင်သောနေ့တစ်နေ့ နံရံကပ်စာစောင်များ သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)