တမူးမြို့တွင် နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း (တမူး-ကလေး-ကလေးဝ) ဗဟို အလုပ်အမှုဆောင် ရွေးချယ် တင်မြှောက် ပွဲကျင်းပ

တမူး ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် နယ်စပ်ကုန်သည်များအသင်း (တမူး-ကလေး-ကလေးဝ) မှ ၂၀၂၁-၂၀၂၅ ခုနှစ်အတွက် ဗဟိုအလုပ် အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် တမူးမြို့ နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးလှမောင်မှ ၂၀၂၁-၂၀၂၅ ခုနှစ်အတွက် နယ်စပ် ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း (တမူး-ကလေး-ကလေးဝ) ဗဟိုအလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အတွင်းရေးမှူး ဦးခင်မောင်တင်မှ ဗဟိုအလုပ်အမှုဆောင်အား တမူး၊ ကလေး၊ ကလေးဝမြို့တို့ရှိ ကုန်သည်(၉၉)ဦးတို့မှ ဆန္ဒပြုရွေးချယ်ထားသူ(၂၅) ဦးရှိကြောင်း အဆိုပါ (၂၅) ဦးအနက်မှ မိမိတို့ကြိုက်နှက်သက်သူ (၁၅) ဦးအား ၂၀၂၁-၂၀၂၅ ခုနှစ်အတွက် ဗဟိုအလုပ် အမှုဆောင်များအဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာကြသည့် တမူး၊ ကလေး၊ ကလေးဝမြို့တို့မှ ကုန်သည်များနှင့် ကုန်သည်ကိုယ်စားလှယ်များမှ မိမိတို့ကြိုက်နှက်သက် သည့် ကုန်သယ်များအား ဗဟိုအလုပ်အမှု ဆောင်များအဖြစ် ဆန္ဒပြုရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၊ ကုန်သွယ်ရေး ဦးစီးဌာန တမူးနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးငွေစိုး တမူး၊ ကလေး၊ ကလေးဝမြို့တို့မှ ကုန်သည်များ တက်ရောက်ကြပြီး Covid-19 ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေစေခြင်း၊ လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်၍ တက်ရောက်စေခဲ့ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)