မြို့သစ်မြို့နယ်၌ အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မြို့သစ် ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်၊ မြို့မစျေးကြီးအတွင်း ရောင်းချလျက်ရှိသည့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ၊ မြို့မစျေးတာဝန်ခံနှင့် ဝန်ထမ်းများပူးပေါင်း၍ အမဲသား၊ ဝက်သား၊ ငါး၊ ဆိတ်သားများ သန့်ရှင်းလက်ဆတ်မှုရှိစေရေး၊ အသားငါးများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်နှင့် အလေးချိန်ခွင်ပြည့်ဝစွာ ချိန်တွယ်ခြင်းဖြင့် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများပြုလုပ်ရန်တို့ကို hand-speaker ဖြင့် ကြေညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းစျေးတာဝန်ခံတစ်ဦးထံက သိရသည်။

မြို့သစ်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ် (၅) ရပ်ကွက်အတွင်းနှင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်းရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေးပလက်ဖောင်းများ သစ်လွင်တောက်ပစေရန် ဆေးသုတ်ခြင်း၊ မြို့ပြလှပစေရန်အတွက် (We Love Myo thit) ဆိုင်းဘုတ်ဘေးပတ်လည်၌ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မြို့တွင်းစိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးထားရှိသော Flower Box များ ဆေးသုတ်ခြင်းနှင့် ပန်း အလှပင်များ ရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေး၌ အပတ်စဉ်ဈေးသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထုစနစ်တကျအမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်းစသည့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိထံမှ သိရသည်။

သန်းဝင်းထွန်း