ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကောက်ရိုးမှိုစိုက်ပျိုးနည်း ကွင်းဆင်းသရုပ်ပြသ

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၅

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပရိုတိန်းဓာတ်ပြည့်ဝသည့် ကောက်ရိုးမှို စိုက်ပျိုးစားသုံး ခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ရောဂါကင်းဝေးစေရန်နှင့် ပိုလျှံသည့်မှိုများကို ပြန်လည် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိလာစေရန်ရည်ရွယ်ပြီး ကောက်ရိုးမှိုစိုက်ပျိုးနည်း ကွင်းဆင်းသရုပ်ပြသပွဲကို ယမန်နေ့ နံနက်၉နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါကွင်းသရုပ်ပြသပွဲတွင် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီးက တောင်သူများအနေဖြင့် မိမိအိမ်ခြံဝန်းအတွင်းမှာပင် နှစ်ပတ်အတွင်း စိုက်ပျိုးခူးဆွတ်စားသုံးနိုင်သည့် ကောက်ရိုးမှိုစိုက်ပျိုးနည်း နည်းပညာများကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာကြသည့် ကျေးရွာ(၁၂)ရွာမှ တောင်သူ(၃၃)ဦးအား စိုက်ပျိုးရေးဝန်ထမ်းများမှ ကောက်ရိုးမှိုစိုက်ပျိုးနည်း အဆင့်ဆင့်ကို လက်တွေ့ သရုပ်ပြသ ပေးခဲ့ပြီး ကောက်ရိုးမှိုစိုက်ပျိုးနည်း ပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။ ယင်းသရုပ်ပြသပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံစိုက်ပျိုးရေးတောင်သူများမှ တက်ရောက်လေ့လာခဲ့ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်