ညောင်လေးပင်မြို့နယ် ရဲလှကုန်း(မူလွန်)ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ညောင်လေးပင် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁၃)နာရီက ရဲလှကုန်း(မူလွန်)ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ရဲလှကုန်း(မူလွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန် သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကို ဖတ်ကြရန်၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္ထုပ္ပတ္တိ အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများ ဗဟုသုတရဖွယ် အသိပညာပေး အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟု သုတရရှိစေမည့် စာအုပ်/စာစောင်များကို ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)