သာယာဝတီမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

သာယာဝတီ ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဥပဒေရုံး၊ အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(သာယာဝတီ)၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က-ခွဲ(ထန်းပင်ကုန်း)၌ ပြုလုပ်သည်။

 အဆိုပါ ဟောပြောပွဲတွင် သာယာဝတီခရိုင် ဥပဒေအရာရှိက ဥပဒေပညာအသိပညာ ပြန့်ပွားရေးအကြောင်း၊ အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ် (၄၁/ ၂၂) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပါအကြောင်းအရာများ၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး မိုးသဲအောင်(ပန်းမြေ)က လူငယ်နှင့်စာပေအကြောင်း သိရှိစေရန် အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်သူဇာလှိုင်က ကျောင်းသား/ ကျောင်းသူများအား မိမိဘဝအတွက် ရည်မှန်းချက်ပန်းတိုင်ထားရှိပြီး ပညာကိုကြိုးစားသင်ယူသင့်ပုံနှင့် ကျောင်းစာသင်ယူရုံသာမက အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာ ရန်လိုအပ်ပါကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိစေနိုင်သည့်ကောင်းကျိုးများကို အသိပညာပေးရှင်းလင်းဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စက္ကူပြဇာတ်၊ ပုံပြင်များပြောပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုရရှိနိုင်သည့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စောင်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့်မူးယစ် ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်‌ရေးအသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

ယင်းနောက်တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)