ဒိုက်ဦး ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ခွဲတမ်းရ စားအုန်းဆီ လက်လီ၊ လက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိသော အရောင်းဆိုင်များအား မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆက်လက်၍ စားအုန်းဆီ လက်လီ၊လက်ကား ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းချိတ်ဆွဲ ဖြန့်ဖြူးရောင်းချမှု ရှိ/ မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/ မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျ ထုတ်ပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ဌာနမှ ချမှတ်ထားသော မှန်(၆) မှန်နှင့်အညီ ပြည်သူများအား အမှန်တကယ် ရောင်းချပေးခြင်း ရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ပြီး ဒိုက်ဦးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက် နှင့် ကျေးရွာများသို့ အိမ်ထောင်စု တစ်စုလျှင် ဆီစာအုပ် တစ်အုပ်နှုန်းဖြင့် လက်ကား ကိုယ်စားလှယ် (၃)ဦး၊ လက်လီ အရောင်းကိုယ်စားလှယ် (၄၁)ဦးမှ တစ်လလျှင် စားအုန်းဆီပေပါ (၆၈၄) ပေပါ ကို ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်းသိရသည်။
ထို့အပြင် ဒိုက်ဦးမြို့ပေါ် ရပ်ကွက်များသို့ အပတ်စဉ် ဈေးကားများဖြင့် ရောင်းချပေးလျက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း လစဉ်ရောင်းချပေးလျက်ရှိရာ သာရေး၊ နာရေး ကိစ္စများတွင်လည်း ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စိုးထက်ကျော်(ပြန်/ဆက်)