ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သူနာပြုသိပ္ပံ(ပဲခူး) ဖွင့်လှစ်ပေး

ပဲခူး ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ သူနာပြုသိပ္ပံ(ပဲခူး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က သူနာပြုသိပ္ပံ(ပဲခူး) ဆိုင်းဘုတ်အသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ ထို့နောက် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြသည်။

ယင်းနောက် သူနာပြုသိပ္ပံ(ပဲခူး) ကျောင်းအုပ်ဆရာမကြီးက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီး၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် လက်တွေ့သင်ကြားရေး စာသင်ဆောင်များ၊ သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားရေးဆိုင်ရာ အဆောက်အအုံများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

သူနာပြုသိပ္ပံ(ပဲခူး)၏ မူလအစမှာ ၁၉၆၀ ပြည့်နှစ်တွင် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း သားဖွားသင်တန်း(ပဲခူး) အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သားဖွားဆရာမများကို မွေးထုတ်ပေးခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဘက်စုံသားဖွားဆရာမများကို မွေးထုတ်ပေးနိုင်သည့် သင်တန်းအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ယခုအခါ သူနာပြုသိပ္ပံအဖြစ် ထပ်မံအဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခြင်းကြောင့် ကျား၊ မ မရွေး ကျောင်းသား၊ ကျောင်းသူများအား အရည်အသွေးမြင့် သူနာပြုပညာကို သင်ကြားပေးနိုင်မည့်အပြင် အနာဂတ်တွင် ကျန်းမာရေးကဏ္ဍအတွက် အရည်အချင်းပြည့်ဝသော သူနာပြုဝန်ထမ်းများကို ပိုမိုမွေးထုတ်ပေးနိုင်မည်ဖြစ်ကာ ပြည်သူများအတွက် အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)