ပဲခူး ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်၍ ဒေသကြက်နှင့် CP ကြက်သားများကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များက စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကြားခံအဆင့်များကို လျှော့ချကာ မွေးမြူရေးလုပ်ငန်းရှင်များထံမှ တိုက်ရိုက်ဝယ်ယူ၍ ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ဒေသကြက်နှင့် CP ကြက်သားများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ ပြည်၊ တောင်ငူနှင့် သာယာဝတီခရိုင်တို့၌ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ပဲခူးမြို့ရှိ ဗဟိုကုန်စိမ်းသားငါးဈေး၊ ဥဿာပြင်စည်ဈေး၊ ကုန်းသာယာသနပ်ဖက်ဈေးနှင့် ဘုရားဈေးသစ်ဈေး၊ ပြည်မြို့ရှိ ကိုးသောင်းဈေး၊ မြို့သစ်ဈေးနှင့် အောင်မင်္ဂလာဈေး၊ တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေး၊ ညောင်ပင်လေးဈေးနှင့် ဘုရားဈေးတို့တွင် ရောင်းချပေးလျက်ရှိပြီး သာယာဝတီခရိုင်အတွင်းရှိ သတ်မှတ်ဈေးများတွင်လည်း ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိရောင်းချပေးလျက်ရှိသည့် ဈေးနှုန်းများမှာ CP ကြက်သားကို လက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၁၈,၄၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၀,၅၀၀ ဖြင့်လည်းကောင်း၊ ဒေသကြက်သားကို လက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၂၃,၀၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၅,၀၀၀ ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိသည်။
ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် အရည်အသွေးပြည့်မီသော ကြက်သားများကို အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ နေ့စဉ်ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)