ဒိုက်ဦး ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်နည်းသင်တန်းများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒိုက်ဦးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဦးဖြိုးဝေစံဦးက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမား ပပျောက်ရေးအကြောင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိပြီး စာဖတ်သော အလေ့အကျင့်ကောင်းများ ရှင်သန်လာစေရန်ရည်ရွယ်၍ ရုံးချုပ်မှပေးပို့သော သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းနှင့် ပတ်သက်၍အသိပညာပေး နံရံကပ်စာစောင်များပြသထားရာ တက်ရောက်လာသော ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်နည်းပြိုင်ပွဲများ ကျင်းပရာ ဘလုတ်မူလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စိုးထက်ကျော်(ပြန်/ဆက်)