ရွှေတောင် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများ စားအုန်းဆီကို သတ်မှတ်အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ခရိုင်အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇူလိုင် ၁၅ ရက်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်စနစ်တကျ ခွဲဝေရောင်းချမှု ရှိ/မရှိ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများပူးပေါင်းသောအဖွဲ့မှ အဆိုပါ စားအုန်းဆီ လက်လီအရောင်းဆိုင်များဖြစ်သည့် ကုန်စုံဆိုင်များ၌ စားအုန်းဆီများအား စာအုပ်များဖြင့် စနစ်တကျ မှတ်တမ်းတင်ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ထားရှိသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ရရှိသည့် စားအုန်းဆီခွဲတမ်းများအတိုင်း ပြည်သူများထံ စနစ်တကျ ခွဲဝေရောင်းချပေးခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။
ထို့ပြင် အဆိုပါ လက်လီအရောင်းဆိုင်များဖြစ်သည့် ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် စားအုန်းဆီ ရောင်းချရာတွင် သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးမှာကြားခဲ့ပြီးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင် (၄) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ထူးခြားမှုတစ်စုံတစ်ရာမရှိဘဲ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စားအုန်းဆီများကို ပြည်သူများထံသို့ စနစ်တကျ ခွဲဝေရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)