သာယာဝတီ ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အ.ထ.က-ခွဲ(ထန်းပင်ကုန်း)ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
ဦးစွာ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်သူဇာလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့အတိုင်း ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတွေနှင့် ပြည်စုံနေဖို့လိုအပ်ပါကြောင်း၊ ယခုလို လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် လူငယ်များ အသိပညာဗဟုသုတများစွာ ရရှိလာမည်ဖြစ်သလို ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း အစဉ်လေ့လာသင်ယူပြီး အများအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးထမ်းရွက်နိုင်သည့် လူငယ်လူရွယ်များ ဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြပါရန် အမှာစကားပြောကြားပြီး ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်သူဇာလှိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ.ထ.က-ခွဲ(ထန်းပင်ကုန်း)ကျောင်း Grade-11မှ မဒါလီမိုးက လူငယ်နှင့်ယဥ်ကျေးမှု၊ Grade-9မှ မောင်လင်းထက်မြတ်ပိုင်က လူငယ်နှင့် ကျန်းမာရေး၊ Grade- 7မှ မောင်ဖုန်းဝေမင်းက လူငယ်နှင့်စာရိတ္တ၊ မရတနာထွန်းက လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)